Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Cash for Work စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

06 August 20

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ Cash for Work စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
=================================
"Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်"(CERP)အရ အကောင်အထည် ဖော် ဆောင်ရွက်သည့် Cash for Work စီမံကိန်းကို ကျေးလက်နေ ပြည်သူများ အတွက် ဝင်ငွေရရှိရေး နှင့် ကျေးရွာ၏ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် ပေးခြင်းနှင့်အတူ မိသားစုစားဖိုဆောင်စရိတ်လျော့ချနိုင်ရန် ၊ လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသည့် ဟင်းသီးဟင်းရွက်များ အလွယ်တကူ စားသုံးနိုင်ကြစေရန် တစ်ပိုင်တစ်နိုင် မိသားစုစိုက်ခင်းများ ထူထောင်လုပ်ကိုင်နိုင်ရေး နှင့် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ တွဲဘက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကိုလည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Cash for Work စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ပြောသည်။
 
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ ၆ ရက် ညနေပိုင်းတွင် နေပြည်တော် ၊ ဒက္ခိဏခရိုင် ၊ လယ်ဝေးမြို့နယ် ကုန်းပေါ်စုကျေးရွာ နှင့် အိမ်ခြေနှစ်ဆယ် ကျေးရွာများတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးအားပေးသည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်းပေါ်စုကျေးရွာ သို့ရောက်ရှိကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နေပြည်တော် တိုင်းဒေသကြီးဦးစီးမှူး ဦးဌေးဝင်း နှင့် တာဝန်ရှိသူများ က လယ်ဝေးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းဆိုင်ရာများ ၊ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့်ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါအကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အဖခြခံအဆောက်အအုံ ဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်သော Cash for Work စီမံကိန်း သည် ငွေကြေး တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သဖြင့် သံသယ နှင့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် "Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်"(CERP) ကိုချမှတ်ဆောင်ရွက်ရာတွင် မိမိတို့ကျရာအခန်းကဏ္ဍက ထိရောက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ လတ်တလော ဆောင်ရွက်ချက်များအရ ဒေသနေ ပြည်သူများနှင့် ထိတွေ့ဆက်ဆံစဉ်အတွင်း ၎င်းတို့၏ ရေရှည် စားဝတ်နေရေး ချောင်လည် စေရေးနှင့် မိသားစုအပိုဝင်ငွေရရှိစေနိုင်သည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ချိတ်ဆက်ကူညီပေးနိုင် ရေးကိုပါ ကြိုးပမ်းပေးကြပါရန် တိုက်တွန်းမှာကြားသည်။
 
ကုန်းပေါ်စုကျေးရွာ တွင် အိမ်ထောင်စု ၂၇၇ စု ရှိပြီး လူဦးရေ ၁၁၈၇ ဦး နေထိုင်လျက် ရှိကာ တောင်သူ(၃၅)ဦး၊ ဈေးဆိုင်(၆)ဆိုင် နှင့် လက်လုပ်လက်စား (၂၃၆)ဦးရှိကြောင်း၊ ယခုဆောင်ရွက်သည့် Cash for Work စီမံကိန်းတွင် ပါဝင်သည့် ရွာတွင်းလမ်း ရိစာ ပြုပြင်ခြင်း၊ ရေမြောင်းတူးခြင်း၊ ဝါးထရံကပ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သဖြင့် လုပ်အားခတန်ဖိုး ၅၉၅၀၈၀၀ ကျပ် ကို ခံစားကြရမည်ဖြစ်သည်။
 
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ခြေနှစ်ဆယ်ကျေးရွာ သို့ ရောက်ရှိကြပြီး ကျေးရွာသူ ကျေးရွာသားများက Cash for Work စီမံကိန်း တွင်ပါဝင်သည့် လမ်းဘေးမြောင်းတူးခြင်း ၊ လက်တူးတွင်းဆယ်ယူခြင်း၊ ကျေးရွာအစည်းအဝေးခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
 
အိမ်ခြေနှစ်ဆယ်ကျေးရွာ တွင် အိမ်ထောင်စု ၆၃ စု ရှိပြီး လူဦးရေ ၂၁၀ ဦး နေထိုင်လျက် ရှိကာ တောင်သူ(၂၅)ဦး၊ ဈေးဆိုင်(၁)ဆိုင် နှင့် လက်လုပ် လက်စား(၃၇)ဦး ရှိကြောင်း၊ ယခုဆောင်ရွက်သည့် Cash for Work စီမံကိန်းတွင် ပါဝင်သည့် လမ်းဘေးမြောင်းတူးခြင်း ၊ လက်တူးတွင်းဆယ်ယူခြင်း၊ ကျေးရွာအစည်းအဝေးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သဖြင့် လုပ်အားခတန်ဖိုး ၆၀၂၀၀၈၂ ကျပ် ကို ခံစားကြရမည်ဖြစ်သည်။
 
၎င်းမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် နန်ချွန်ကျေးရွာ သို့ရောက်ရှိကြပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အရ ချေးငွေ ထုတ်ချေးပေးနေမှုကို ကြည့်ရှုအားပေးသည်။
နန်ချွန်ကျေးရွာ တွင် လူဦးရေ (၃၈၃)ဦး နေထိုင်ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သန်း(၂၀)ဖြင့် ဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)မှ ချေးငွေများ ရယူပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိ ရသည်။