Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

01 September 20

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်‌ နိုင်ရေးအတွက်  စက်တင်ဘာလ ၁ ရက်နေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပထမ ဦးစားပေးအနေဖြင့် မိမိတို့ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြစေလိုကြောင်း၊ ယခုအစည်းအဝေးကို ဦးစီဌာနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ နှင့် Covid-19 Economic Relief Plan (CERP)အစီအဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို ဝိုင်းဝန်းသုံးသပ်ပြီး ဦးစီးဌာန(ရုံးချုပ်)မှ ဆောင်ရွက်ပေးရမည့် အပိုင်းများအား သိရှိလိုခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအား မိမိအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊တံတား၊ ကျေးလက်မီးလင်းရေးနှင့် အခြားစီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ Covid-19 Economic Relief Plan (CERP)အရ အကောင်အထည်ဖော်ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(၁၇)ခုမှ ဦးစီးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။