Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ (၁၇) ကြိမ်မြောက်အစည်းအဝေး

26 March 21

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို  “Rural Development for Sustainable Poverty Eradication: Towards a Caring and Resilient ASEAN” ဆောင်ပုဒ်ဖြင့်  ၂၀၂၁ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၉)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး တွင် (၁၆) ကြိမ်မြောက် SOMRDPE Chair အလှည့်ကျဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကား ပြောကြားရာတွင်  မြန်မာနိုင်ငံအနေဖြင့် ဥက္ကဌ အဖြစ်တာဝန်ယူ စဉ်ကာလအတွင်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သော အာဆီယံ အစည်းအဝေးများ၊ SOMRPDE လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အပြီးသတ်ရေးဆွဲနိုင်ရေးကိစ္စရပ်များနှင့် တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်သော အာဆီယံ လူထုအသိုက်အဝန်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ထိုင်းနိုင်ငံသို့ (၁၇) ကြိမ်မြောက် SOMRDPE အလှည့်ကျ ဥက္ကဌရာထူးအား လွှဲပြောင်း ပေးအပ် ခဲ့ပြီး အာဆီယံ၏ (၂၀၂၅) မျှော်မှန်းချက်အား အောင်မြင်နိုင်စေရေးအတွက် အာဆီနိုင်ငံများ အားလုံး နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသည့်အာဆီယံအဆင့်မြင့်အရာရှိကြီးများက စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်၊ ရာသီဥတုပြောင်းလဲမှုပြသနာကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်မှု၊ စတုတ္တမြောက် စက်မှုတော်လှန်ရေး၊ ကျားမတန်းတူညီမျှမှု၊ COVID-19 ကူးစက်ရောဂါ ထိခိုက် သက်ရောက်မှုမှ ပြန်လည်ကုစားနိုင်မှုစသည့် ကိစ္စရပ်များနှင့်  အာဆီယံ နိုင်ငံအလိုက် ချမှတ်ထားသော အစီ အစဉ်များ၊ ချဉ်းကပ်မှုနည်းလမ်းများ၊ ကဏ္ဏအလိုက် ပူးပေါင်းဆောင်ရွက် ချက်များ၊ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ အား ဆွေးနွေးပြောကြားခဲ့ ပါ သည်။ ဆက်လက်၍ တက်ရောက်လာသူများက အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀)အား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် လုပ်ငန်းစီမံချက်အသစ် (၂၀၂၁-၂၀၂၅) တွင် သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်မည့် ထည့်သွင်း အဆိုပြုထားသော စီမံကိန်း၊ အစီအစဉ် များအား ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။

အဆိုပါ Video Conferencing အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ စုစုပေါင်း (၃၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် မိတ်ဖက် (၃) နိုင်ငံ၏ (၁၃)ကြိမ်မြောက်အစည်းအဝေးကို Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ SORMDPE ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တက်ရောက် လာသော အာဆီယံအဆင့်မြင့်အရှိကြီးများက ဒေသတွင်း တုန့်ပြန်နိုင်ငံစွမ်းအားကောင်းမွန်သော လူထုအသိုက်အဝန်းတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် ချမှတ်ထားသော မူဝါဒများ၊ အစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ချက်များအား ဆွေးနွေးဖလှယ် ခဲ့ကြပြီး အာဆီယံမိတ်ဖက် (၃) နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများ၏ ကိုယ်စားလှယ်တော်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးကဏ္ဍတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင််းဆောင်ရွက်သည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော်က ဆွေးနွေးပြောကြားရာတွင် Covid-19 ရောဂါဖြစ်ပွား သက်ရောက်မှုကြောင့် မြန်မာနိုင်ငံစီးပွားရေးထိခိုက်မှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် မူဝါဒများ၊အစီအစဉ်များ၊ တုံပြန်နိုင်စွမ်းအားကောင်း မွန်သော လူထုအသိုက်အဝန်း တည်ဆောက် နိုင်ရေးအတွက် အကြံပြုချက်များအဖြစ် လူအရင်းအနှီးအား မြှင့်တင်ပေးခြင်း၊  ဒီဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုအား ကိုယ်တွယ်ဖြေရှင်းခြင်း၊ မူဝါဒရေးရာပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများအား အကြံပြုဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှုလျော့ချရေးစီမံကိန်း၊ တောင်ကိုးရီးယားနိုင်ငံအား အဆိုပြုတင်ပြထားသည့် စီမံကိန်းအကြောင်းတို့အား ထည့်သွင်းဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပုဂ္ဂိုလ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ မိတ်ဖက် (၃) နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများ၏ ကိုယ်စားလှယ် တော်များ၊ စုစုပေါင်း (၄၅)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။