Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည်ရှုစစ်ဆေး

03 April 21

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ကျေးလက်ဒေသများ၌ လူမှုရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် ကျေးလက်နေ ပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို အထောက်အကူပြုစေရန် လူထုဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် အတွင်းရှိကျေးရွာများ၌ အခြေခံအပ်ချုပ်စက်သင်တန်း၊ အဆင့်မြင့်အပ်ချုပ်စက် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ လျှပ်စစ်ပြုပြင်နည်းသင်တန်း၊ မှိုစိုက်ပျိုးနည်းသင်တန်း၊ ထွန်စက်မောင်း သင်တန်း၊ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်း၊ မိုလ်ဘိုင်းဖုန်း ပြုပြင်နည်း သင်တန်း၊ ဝါးအခြေခံ လက်မှုသင်တန်း၊ လက်သမား၊ ပန်းရံသင်တန်း စသည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ကျေးလက်နေ လူငယ်များအနေဖြင့် မိမိတို့နှင့်အဆင်ပြေရာ အသက်မွေးဝမ်းကျောင်း ပညာရပ် များကို သင်ယူခွင့်ရရှိကြပြီး မိမိတို့ရပ်ရွာတွင် ပျော်ရွှင်စွာအခြေချနေတိုင်နိုင်ကြမှသာ ကျေးရွာ များ၏ဖွံ့ဖြိုးမှုသည် ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လည်း ကျေးလက်ဒေသများ၌ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေး မှုနှင့်အတူ အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာများ သင်တန်းများ တိုးချဲ့ ဖွင့်လှစ် ပေးခြင်း၊ အရင်းအနှီး မ,တည်ငွေရရှိရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျေးရွာသူ ကျေးရွာသားများ ၏ ဆန္ဒသဘောထားညီညွတ်ပါက သမဝါယမအသင်းများဖွဲ့စည်းလုပ်ကိုင်နိုင်ရန် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် နှင့် တပ်ကုန်းမြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသော ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့် သမဝါယမအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ ဓမ္မာရုံနှင့် ပရဟိတ ကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ် သင်တန်းများအား ကြည့်ရှုအားပေးပြီး သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး သည် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြ ကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် ကျေးရွာ အဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော အခြေခံအဆောက်အအုံ လုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှု အဆောက်အဦများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ဝင်ငွေတိုး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်မည့် အစီအမံများ အပေါ် လိုအပ်သည် များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာရှိ စိန်ပန်းနွယ် လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်များအားကြည့်ရှု စစ်ဆေးအားပေးပြီး ဒုတိယဝန်ကြီး က အသင်းတာဝန်ရှိသူများအားဆွေးနွေးမှာကြားရာတွင် သမဝါယမ အသင်း ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ သမဝါယမ အသင်း များဖွဲ့စည်းခြင်း၊ ထိန်းကျောင်း တည့်မတ်ခြင်းနှင့် သမဝါယမ ပညာပေးလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုဆိုင်ရာ သမဝါယမအသင်းများ အား အဆင့်မြှင့်တင် နိုင်ရေး လုပ်ငန်းများကို ဆက်စပ်ဌာနများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့များ နှင့်ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အတွေးသစ် အမြင်သစ်များဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေရန် မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

စိန်ပန်းနွယ် လယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း အနေဖြင့် အသင်းသားပိုင် စိုက်ပျိုးမြေဧက(၁၇၀)တွင် ဂေါ်ဖီ၊ ပြောင်းဖူး၊ ပန်းမုန်လာ၊ မုန်လာဥ၊ ငရုတ်၊ ခရမ်းသီး တို့ စိုက်ပျိုး ထုတ်လုပ် လျက်ရှိပြီး China EXIM Bank ပံ့ပိုးချေးငွေဖြင့် အသင်းသားများအတွက် စိုက်ပျိုးစရိတ်ကို အတိုးနှုန်း ချိုသာစွာ ထုတ်ပေးထားရှိကြောင်း ၊ အသင်းသားတစ်ဦးချင်းက မိမိတို့အစီအစဉ်ဖြင့် ဒေသခံသီးနှံပွဲစားများ မှ တစ်ဆင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးများသို့ တင်ပို့ရောင်းချနေကြရမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် ပိုမိုကောင်းမွန်သောအစီအမံများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ Source: www.agri.com.mm မှ ကူးယူဖော်ပြပါသည်။