Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သီပေါမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

12 June 21

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ နားလွယ်ကျေးရွာကုန်ထုတ်လမ်းနှင့် စံဖိတ်ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ သီပေါမြို့နယ်အတွင်းရှိ နားလွယ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် စံဖိတ်ကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးရွာကော်မတီဝင်များအား လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နားလွယ်ကျေးရွာကုန်ထုတ်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု မြေနီကျောက်စရစ် ခင်းခြင်းနှင့် အရှည် ၅ ပေ၊ အကျယ် ၂၂ ပေ၊ အမြင့် ၅ ပေရှိ Box Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၃ ဒသမ ၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် စိန်ပင်ပေါကုမ္ပဏီမှလည်းကောင်း၊ စံဖိတ်ကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေ ကျပ်သိန်း ၁၄၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၈ သိန်း စုစုပေါင်းငွေကျပ် ၁၆၈ သိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှလည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဦးကြည်စောထံမှ သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်မှုကြောင့် နားလွယ်ကျေးရွာရှိ တောင်သူများ၏ အကျိုးပြုစိုက်ပျိုးမြေဧက ၁၀၀ ကျော်နှင့် စံဖိတ်ကျေးရွာရှိ ကျေးရွာနေပြည်သူများအတွက် ရာသီမရွေး သောက်သုံးရေများ အိမ်တိုင်ရာရောက်ရရှိနေပြီဖြစ်ကြောင်း သိရသည်။