Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

11 August 21

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာသို့ ရောက်ရှိကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းရိစာလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ လူထူဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာမခန်းမဆောင်နှင့် စာသင်ကျောင်းမြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် ကျေးရွာပြည်သူများက မိမိတို့၏ လိုအပ်ချက်များကို ကိုယ်တိုင်ဖော်ထုတ်ကာ စီမံချက်ရေးဆွဲခြင်း၊ ကိုယ်တိုင်ကြီးကြပ်တာဝန်ယူ ဆောင်ရွက်ရသည့် ပြည်သူ့စီမံကိန်းများဖြစ်သည့်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် ဆောင်ရွက်ပြီး လုပ်ငန်းများအား စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး စီမံထားရန် အရေးကြီးပါကြောင်း၊ ပိုင်ရှင်စိတ် (Owner Ship)ဖြင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းစုကျေးရွာ ဆင်အုံငါးမွေးမြူ ကုန်ထုတ်သမဝါယမ အသင်းသို့ ရောက်ရှိပြီး ငါးသားပေါက်များ စိုက်ထည့်ပြီး အသင်းအမှုဆောင်များနှင့် တွေဆုံကာ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်း အသင်းများပေါ်ပေါက်လာအောင် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများအား အသင်းအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ချေးငွေများပံ့ပိုးပေးခြင်းထက် လိုအပ်မည့် သွင်းအားစုနည်းပညာများ ပံ့ပို့ပေးခြင်းက ပိုမိုထိရောက်မည် ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများအား ခွဲဝေပေးခြင်းက ပိုမိုအကျိုးရှိ မည်ဖြစ်ကြောင်း ထွက်ရှိလာသော ထုတ်ကုန်များအား ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ အသင်းများ လိုအပ်သည့် အချိန်တွင် အသင်းပိုင်စက်များဖြင့် ထွန်ယက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးကုန်ထုတ် သမဝါယမအသင်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်ရန် အတွက် ကြပ်မတ်ပေးမှုများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လိုအပ်ချက် တွေကိုလည်း အဆင့်ဆင့်က ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသင်းစုချုပ်၊ အသင်းစုများကလည်း အခြေခံအဆင့်များ၏ လိုအပ်ချက်ကို အမြဲမပြတ်ကြည့်ရှုရန်လိုအပ်ကြောင်း၊ ထိုမှသာ အသင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း  ဆွေးနွေးမှာကြားပြီး အသင်းအမှုဆောင်များ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ် ကန်လှကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊တံတား လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ အိမ်တိုင်ရာရောက်ရရှိရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်း၊တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ကျေးရွာ လမ်းကော်မတီ၊ ရေပေးရေးကော်မတီများအနေဖြင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးနှင့် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး သေချာစွာ စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း။ ကျေးရွာ ပြည်သူများမှလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံများဖြစ်ထွန်းအောင် မြင်နေသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ဆက်လက်အောင်မြင်အောင် ကြိုးစာကြစေလိုကြောင်း၊ သီးနှံ များ ဈေးကောင်းရရှိရေး ဈေးကွက်နှင့် ချိတ်ဆက်ကြစေလိုကြောင်း၊ လိုအပ်သည့် အသက်မွေးဝမ်းကျောင်း နည်းပညာများကိုလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း (၄၇)ခု၊ ကျေးလက်ကုန်ထုတ်လမ်း ၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား (၄၂)စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)(၇)ရွာ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၆)ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း (၃၄)ကြိမ်တို့ကို အကောင်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။