Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

23 November 21

နေပြည်တော် နိုဝင်ဘာလ ၂၃
ခေတ်မီစံပြကျေးရွာ (Smart Village) အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၁၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်း စေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရေးနှင့် ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေး သည့်ကျေးရွာများ ထူထောင်နိုင်ရန်အတွက် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အဆိုပါခေတ်မီစံပြကျေးရွာ စီမံကိန်းကို ကျေးရွာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာ စေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာ စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် နှင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပြင် တက်ရောက်လာသော ဌာနအသီးသီး မှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ယခု စီမံကိန်းကို ဒီဂျစ်တယ်နည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်ပြီး လူထုအခြေပြု ချဉ်းကပ်မှုနည်းလမ်းအပေါ်အခြေခံ၍ ဖွံ့ဖြိုးရေးကဏ္ဍ(၆)ခုကို ရေးဆွဲချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ သွင်းအားစုများ နှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ် စောင့်‌ရှောက်ရေးအပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးများကို အဓိကထား ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ စီမံကိန်းအား Pilot အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်း လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။