Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းရှူးမြို့နယ်၊ နမ့်ပါမုံးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

01 January 70

မိုင်းရှူးမြို့နယ်၊ နမ့်ပါမုံးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
 
မိုင်းရှူး  ဩဂုတ် လ ၃၁ ရက်
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဟိုက်ပါကျေးရွာအုပ်စု၊ နမ့်ပါမုံး ကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့စစ်ဆေးရာတွင် မိုင်းရှူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာမင်း၊ မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦး နှင့် အင်ဂျင်နီယာ ဝန်ထမ်းများ သည် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်အတူ နမ့်ပါမုံး ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှူစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွန်းများ နှင့်အညီ အချိန်မီ ပြီးစီးရေးအလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါ‌နမ့်ပါမုံးကျေးရွာ ရှိ ကျေးလက်ကုန်ထုတ်လမ်းသည် အရှည် ၁မိုင် ၂ဖာလုံ၊ အကျယ် ၁၂ပေ၊ မြေသားအမြင့် ၁ပေထု၊ ဗြုန်း ၉လက်မထု ရှိ သဲဗြုန်းခင်း​ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၅၀ ဒသမ ၆၈၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် အေးမြချယ်ရီကုမ္ပဏီက ယခုနှစ် ဇူလိုင်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၀ ရာခိုင်နူန်းအထိ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
 
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နမ့်ပါမုံးကျေးရွာရှိ အိမ်ခြေ ( ၃၉ )အိမ်၊လူဦးရေ( ၃၃၂ ) ဦးတို့၏ လယ်ယာမြေဧက ၃၀၀ ကျော်မှ ထွက်ရှိသည့် စပါးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း မိုင်းရှူးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦး ထံမှသိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                                                                          မောင်ခိုင်
                                                                                                                                                                                                                                                                  ရှမ်းတောင်  ကျေးလက်