Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရည်မှန်းချက် ၊ မူဝါဒ ၊ လုပ်ငန်းစဉ်

မျှော်မှန်းချက်

၁။      ကျေးလက်ဒေသဖွံဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန်။

 

ရည်မှန်းချက်

၂။       ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ-

(က)    ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူ များ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊

(ခ)     ဌာနဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊

(ဂ)     ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်းဖြင့် ကျေးလက်နေပြည်သူများမှ လူမှုစီးပွား ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေရန် တို့ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်

၃။      ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်မှန်း၍ ကုလ သမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ INGOs၊ NGOs၊ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ဆွေးနွေး တိုင်ပင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့် အဂ္ဂမဟာဗျူဟာ(၅)ရပ်ကို ရေးဆွဲ ချမှတ်ခဲ့ပါသည်။

                                                                                                                                       

မူဝါဒ

 

၄။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒများမှာ -

(က)    ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လယ်ယာ၊သားငါးအထောက်အကူပြုကုန်ထုတ်လမ်းသွယ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ မဟာဓါတ်အားလိုင်း ပြင်ပကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်။

(ခ)     ကျေးလက်ဒေသ၌အခြားလူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုး တက်ရေးအတွက် လူထုဗဟိုပြုချဉ်းကပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်သွားမည်။

(ဂ)     ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် မိသားစုဝင်ငွေတိုးပွား ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေအရင်းအမြစ် ရရှိစေရန်၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (Revolving Fund)၊ လူထုတိုက်ရိုက် ထောက်ပံ့ငွေ(Block Grant)များ ထူထောင်ဆောင်ရွက်ပေးမည်။

(ဃ)    ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆည်းနိုင်စေရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်သွားမည်။

(င)     အရေးပေါ်အခြေအနေနှင့် သဘာဝအန္တရာယ် ကျရောက်မှုကြောင့် အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသော ကျေးလက်ပြည်သူများအတွက် ကျေးလက်အိမ်ရာများ၊ ယင်လုံ အိမ်သာများ ဆောက်လုပ်သွားမည်။

(စ)     ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ကောင်းမွန်သောစီမံအုပ်ချုပ်မှုယန္တရား တိုးတက်ဖြစ်ပေါ်စေရေးနှင့်သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်သွားမည်။

(ဆ)    ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သက်ဆိုင်သူများ (Stakeholders) အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်။

 

လုပ်ငန်းတာဝန်များ

၅။      ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ -

                   (၁)    ကျေးလက်ဒေသသောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၂)     မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊

(၃)     စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လမ်းများနှင့် တံတားများတည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊

(၄)‌     ကျေးလက်ဒေသအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(၅)     ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေ ထူထောင်ပေးရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊

(၆)     ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ                    ဈေးကွက်ရရှိရေး ချိတ်ဆက် ကူညီဆောင်ရွက်ပေးရန်၊

(၇)     ကျေးလက်ပြည်သူများ ကိုယ်တိုင်ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်း များနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ            ဖော်ဆောင်ပေးခြင်း၊

(၈)     ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး ကူညီဆောင်ရွက်ခြင်း၊

(၉)     ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(၁၀)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များကို စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစုတင်ပြခြင်း၊

(၁၁)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်း အရပ်ရပ်ကို ဆောင်ရွက်ခြင်း၊

(၁၂)    ဝန်ကြီးဌာနကပေးအပ်သည့် အခြားလုပ်ငန်းတာဝန်များဆောင်ရွက်ခြင်း၊