Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြိတ်မြို့နယ်ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး

18 March 24

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (စလွန်း+အနောက်မင်းသန်း) ကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို (၁၆.၃.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ (စလွန်း+အနောက်မင်းသန်း)ကျေးရွာတို့၌ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စီမံကိန်းလက်စွဲစာစောင်ပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/ မရှိ၊ လအလိုက်ပေးပို့ရသည့် စာရင်းဇယားများ ပြည့်စုံမှုရှိ/မရှိ အခြေအနေများ၊ စီမံကိန်းအတိုးရရှိငွေမှ သုံးစွဲခွင့်ရရှိသောငွေဖြင့် ဘက်စုံသုံးခန်းမ တည်ဆောက်မည့်မြေနေရာ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သတ်မှတ်ကာလအတွင်း အရင်းအတိုးငွေများကို ပေးသွင်းကြရန်မှာကြားခဲ့ကြောင်းသိရသည်။

          မြိတ်မြို့နယ် (စလွန်း+အနောက်မင်းသန်း)ကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှစ၍ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်းအသင်းသား၊ အသင်းသူ ၈၁ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၄၂ ဒဿမ ၃ သန်း ထုတ်ချေးပေးခဲ့ပြီး မိသားစုစီးပွားရေးလုပ်ငန်းများ တစ်နိုင်တစ်ပိုင်ဆောင်ရွက်နိုင်ရေး ကျေးလက်နှင့်မြို့ပြလူနေမှုအဆင့်အတန်းကွာဟမှု လျော့ချနိုင်ရေးအတွက် လိုအပ်သောငွေကြေးနှင့် ဝန်ဆောင်မှုများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပြ၍သိရသည်။