Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး

20 March 24

           တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရေချိုချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို (၁၉.၃.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ ရေချိုချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်းရှိ/မရှိ၊  စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

          သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင်  ငွေကျပ်သိန်း(၃၀၀)ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဉ္စမနှစ်စက်ဝန်းအဖြစ် အဆိုပါကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်  အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်းအသင်းသား၊ အသင်းသူ ၈၂ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ထုတ်ချေးပေးထားကြောင်း သရက်ချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ပြောပြ၍သိရသည်။