Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် ထိန်ကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

25 April 24

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ထိန်ကုန်းကျေးရွာ၌ ပဉ္စမအကြိမ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနိုင်လင်းက ထိန်ကုန်း ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစု ဝင်ငွေတိုးပွာ လာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းအပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်း နှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၉၉ သိန်း လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ထိန်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အခြား လုပ်ငန်းလုပ်ကိုင်သည့် အသင်းသား၊ အသင်းသူ ၂၇၈ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၉၉ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။