Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လူထုဗဟိုပြုစီမံကိန်း(CDD) မြို့နယ်အသစ် ရွေးချယ်ခြင်း အခမ်းအနား ကျင်းပခြင်း

05 February 20

ဖေဖော်ဝါရီ ၄ မန္တလေး

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း(CDD) မြို့နယ်အသစ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈း၃ဝနာရီ အချိန်မှစတင်၍  မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊CSO ၊ NGO ၊ INGO အဖွဲ့အစည်းများ၊ အခြားလူမှုအဖွဲ့အစည်းများနှင့်  စိတ်ပါဝင်စားသူများ စသည်ဖြင့် စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နံနက် ၉းဝ၀ အချိန်တွင်စတင်ခဲ့ပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစိုးသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်မှ စီမံကိန်းအကြောင်းမိတ်ဆက်စကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်မီမီထွေးမှ  စီမံကိန်း အကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းမြို့နယ်ရွေးချယ်ရေးဆိုင်ရာစည်းမျည်းများအား ရှင်းလင်းပြောကြားခြင်း၊တက်ရောက်လာသော မြို့နယ်အသီးသီးမှ ဧည့်ပရိတ်သက် များမှ မရှင်းလင်းသည်များ မေးမြန်းခြင်းနှင့် ဦးစီးဌာနမှ မေးမြန်းမှုများအား ရှင်းလင်းဖြေကြားခဲ့ပါသည်။ အစီအစဉ်အရ အုပ်စုငယ်များခွဲ၍ စီမံကိန်းမြို့နယ်ရွေးချယ်ခဲ့ပြီး ထွက်ပေါ်လာသည့်ရလဒ်များအား ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊

 

ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်မီမီထွေးမှဆွေးနွေးတင်ပြခဲ့ပါသည်။အဖွဲ့ (၁၀)ဖွဲ့မှ ဆွေးနွေးရွေးချယ်ခဲ့သော ရလဒ်များအရ ပထမဦးစားပေးမြို့နယ်မှာ တောင်သာမြို့နယ်ဖြစ်ပြီး ဒုတိယဦးစားပေးမြို့နယ်မှာ သပိတ်ကျင်းမြို့နယ်ဖြစ်ပါသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးစိုးသန်းမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား မွန်းလွဲ ၁း၃၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ လူထုဗဟိုပြုစီမံကိန်း(CDD) မြို့နယ်အသစ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အခမ်းအနားကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှတက်ရောက်လာ သူများနှင့် အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကူညီလုပ်ကိုင်ပေးကြပါသော DRD နှင့် CDD မှ ညီအစ်ကိုမောင်နှမများအားလုံးအား မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအထူးပင်ကျေးဇူးတင်ရှိပါသည်။

 

Source#Maladalay Region drd