Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆောမြို့နယ် လေးကျေးရွာ၌ ချီချောင်းဂုဏ်ဆောင် ကြိုးတံတားသစ်ဖွင့်ပွဲကျင်းပ

09 February 20

ဆော   ဖေဖော်ဝါရီ  ၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လေးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း(CDD) တတိယနှစ်စက်ဝန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူတို့၏ ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ချီချောင်းဂုဏ်ဆောင် ကြိုးတံတားသစ်ဖွင့်ပွဲကို ယနေ့နံက် ၉ နာရီအချိန်က အဆိုပါ တံတားတည်ရှိရာ နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေး၊ ဆောမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့က အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ဆောမြို့နယ်လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူး ဒေါ်ပန်းအိမျိုးက ကြိုးတံတားတည်ဆောက်ခဲ့မှု အခြေအနေများ အား ဗီဒီယိုမှတ်များဖြင့်လည်းကောင်း ရှင်းလင်းတင်ပြပြီး ကျေးရွာကိုယ်စား ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

ထို့နောက် ချီချောင်းဂုဏ်ဆောင်ကြိုးတံတားသစ်ဖွင့်ပွဲ မုဒ်ဦးကို တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေး၊ ဆောမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ တိုင်းဒေသကြီးလူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။

အဆိုပါ ချီချောင်းဂုဏ်ဆောင်ကြိုးတံတားသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာသူကျေးရွာသား စုစုပေါင်း အင်အား ၂၀၀ ခန့်တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ လေးကျေးရွာ ချီချောင်းဂုဏ်ဆောင် လူကူးကြိုးတံတားသစ် အရှည် ၂၀၀ ပေ အကျယ် ခြောက်ပေ  အမြင့် ၂၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၂၈၀ ဒသမ ၁၄၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၂၁ ဒသမ ၁၆၄ သိန်း၊ စုစုပေါင်းငွေကျပ် ၄၀၁ ဒသမ  ၃၁ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့်  လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူ ကျေးရွာသား များ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။