Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

25 February 20

မကွေးတိုင်းဒေသကြီး  လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

မကွေး ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ်တွင် ထပ်မံ တိုးချဲ့အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်း အဝေးကို ဖေဖော်ဝါရီလ ၂၃ ရက် ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်အားဖြည့်ပေးတဲ့ အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့်လူထုဗဟိုပြုစီမံကိန်း(Community Driven Development – CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ဆောင်ရွက်လျက်ရှိသည့် (၆၃)မြို့နယ်အနက်မှ မကွေး တိုင်းဒေသကြီးတွင် စေတုတ္တရာမြို့နယ်၊မင်းတုန်း၊ပေါက်၊ဆောမြို့နယ်နျင့်ထီးလင်းမြို့နယ်တို့မှာ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ယခုအခါ လူထုဗဟိုပြုစီမံကိန်းပိုလျှံငွေကြောင့် မြို့နယ်(၁၃)မြို့နယ် အား ထပ်မံတိုးချဲ့ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး တိုင်းဒေသကြီးအတွက် စီမံကိန်းမြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရရှိတော့မှာဖြစ်ကြောင်း၊ကျွန်တော်တို့တိုင်းပြည်အတွင်းကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာတဲ့ ကာလမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝတွေလည်း တိုးတက် ဖွံ့ဖြိုးပြီး ဆင်းရဲမှုမှ လွတ်မြောက်မှ အနာဂတ်ကာလမှာ မြို့ပြ၊ကျေးးလက်ဖွံ့ဖြိုးမှု ညီမျှတဲ့ တိုင်းဒေသကြီး အဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းမှ လာရောက် ထောက်ကူဆောင် ရွက်ပေးတဲ့ ခုလို အခွင့်အရေးမျိုးကို အကျိုးရှိရှိ အသုံးချတဲ့ အနေနဲ့ ကိုယ်ဒေသ၊ကိုယ်မြို့နယ်အတွင်းက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းအကြံပြုပေးကြပါ၊ရွေးချယ်ခံရရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာ များအားလုံးမှာ လုပ်ငန်းအကောင်အထည် ဖော်ပါက လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီပြီး စိမံကိန်း အောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင် ဝင်းက လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မိတ်ဆက်ရှင်း လင်းတင်ပြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာ အောင်က လူထု ဗဟိုပြုစီမံကိန်းအကြောင်းနှင့်မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကာ အုပ်စုဖွဲ၍ စားပွဲဝိုင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ ရွေးချယ်မှုရလာဒ်များအရ ဦးစားပေး(က) ငဖဲ မြို့နယ်၊ ဦးစားပေး(ခ)နတ်မောက်မြို့နယ်နှင့် ဦးစားပေး(ဂ)ဆင်ပေါင်ဝဲမြို့နယ်တို့ ဖြစ်ကြောင်း ဆွေးနွေးမှု ရလဒ်များ တင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ဦးစား ပေးမြို့နယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သဘောထား မှတ်ချက်ဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့ ဆက်လက် အတည် ပြုချက်ရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားကာ အစည်းအဝေး အောင်မြင်စွာပြီး မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီ အသီးသီးမှ ဥက္ကဌများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်ကိုယ် စားလှယ်နှင့်တိုင်းရင်းသားကိုယ်စားလှယ်များ၊တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ဒေသအတွင်းရှိ လူထု အခြေပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)