Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပျော်ဘွယ်မြို့နယ် ရှားပင်လှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

01 January 70

ပျော်ဘွယ် ဇွန် ၂၃

           ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဘတ္တအုပ်စုကျေးရွာအုပ်စု၊ ရှားပင်လှကျေးရွာ၌ အဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံ ငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချမ်းများနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်က ချေးငွေများပြန်လည်ထုတ်ချေးရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိသည့်အကျိုး ကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က စီမံကိန်းရန်ပုံငွေများမပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင် များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ကျရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ထို့နောက် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက    ရှားပင်လှကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဝင်များ နှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးအား ငွေကျပ် ၂၀ ဒဿမ ၁၅ သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၂၈ ဦးအား ငွေကျပ် ၂၆ ဒဿမ ၉ သန်း စုစုပေါင်း အသင်းသူ၊ အသင်းသား ၁၇၁ ဦး အား ငွေကျပ် ၄၇ ဒဿမ ၀၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

          ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာ စေခြင်းဖြင့်  ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျော့ကျရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တုံ့ပြန်မှုအား ကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်ထံမှ သိရသည်။

                                                                                                          သံသာ(ကျေးလက်)